အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။
အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ ရသ ဖြစ်ထိုကြောင့်
အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။ အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာကျမ်းများအလာ စိတ်အရသာ ကိုးပါးအနက် တစ်ပါးပါးကို ခံစားရမှု ဖြစ်ပေသည်။ မျက်မှောက်ခေတ် စိတ္တဗေဒေ ပညာရှင်တို့၏ အလိုအရမူ စိတ်အရသာ၊ (သို့) လှုပ်ရှားမှု (၁၄) မျိုးရှိသည်ဟု သိရပေသည်။ အနုပညာကို တစ်နည်းအားဖြင့် ဆိုရသော ခံစားမှုကို တင်ပြသော ပညာရပ်မျိုးဟူ၍ ဖြစ်သည်။ သိပ္ပံပညာသည် အကြောင်းတရားကို သရုပ်ခွဲပြသည်။ အနုပညာကမူ အကျိုးတရား၊ (သို့) စိတ်လှုပ်ရှားမှုအတွက် ခံစားမှုကို ဖွဲ့ပြသည်။ စေတနာကို လှုံ့ဆော်သော စိတ်ဘဝင်၌ ခံစားမှုကို ဖွဲ့ပြသော အနုပညာရပ်တွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်ပညာနှင့် အနုစာပေတို့သည် အဓိကအားဖြင့် ပါဝင်ကြသည်။ ပန်းချီ၊
ပန်းပု၊ ဗိသုကာ စသည်တို့ကဲ့သို့ လူတို့၏ စိတ်စေတနာကို လုံ့ဆော်ပေးနိုင်စွမ်းသော အနုပညာကို လူတို့သည် မည်ကဲ့သို့ တွေ့ရှိဖန်တီးခဲ့ကြသနည်း။ ရှေးလူတို့သည် ပန်းကန် ခွက်ယောက်များ၊ စူးဆောက် တန်ဆာ ပလာများ၊ လက်နက် ပစ္စည်းများ စသည်တို့ကို လိုအပ်သဖြင့် တီထွင်လုပ်ကိုင် အသုံးပြုခဲ့ကြသည်။ ပထမတွင် ကျောက်ပြားများကို စားစရာထည့်စားရန် အသုံးပြုခဲ့ကြသည်။ နောင်အခါ ကောက်ပြားကို ပန်းကန်ပြားသဏ္ဌာန် ထွင်း၍ အသုံးပြုကြသည်။ သတ္တုများကို တွေ့ရှိ၍ မီးအားဖြင့် သတ္တုကို လိုရာပုံသွင်းနိုင်ကြောင်း သိလာ ကြသောအခါ မိမိတို့၏ အသုံးအဆောင်ပစ္စည်း ကိရိယာများကိုအဆင့်ဆင့် တိုးတက်ကောင်း မွန်အောင် ပြုပြင် လုပ်ကိုင်ကြသည်။ ယင်းသို့အားဖြင့် မိမိတို့၏ အသုံး အဆောင်များကို အသုံးလည်းကျ၊ လှလည်း လှပအောင် ပြုလုပ်နိုင်စွမ်းကိုလည်း တွေ့မြင်လာကြသည်။ ထိုအခါ အလှ အပရှိမှု၊ တင့်တယ်မှု တို့ကို နှစ်သက်သော သဘောလည်း ဖြစ်လာကြ၍ ပစ္စည်း အသုံးအဆောင်တစ်ခုကို နေမှုထိုင်မှု အရေးအတွက် အသုံးချမှု အပြင် စေတနာကို နှိုးဆော်၍ စိတ်၌ နှစ်သက်ခြင်းဖြစ်အောင် စိတ်ဖြင့် အရသာခံစားနိုင်အောင် ဖန်တီးပြုလုပ်နိုင်ကြောင်း ကိုလည်း သိလာကြသည်။ လူတို့၏ နေမှုထိုင်ရေးအတွက် ပစ္စည်းအသုံးအဆောင်များကို အသုံး လည်းကျ၊ လှလည်း လှပအောင် တီထွင်လုပ်ခဲ့ကြ၍ လူနေမှု အဆင့်အတန်း မြင့် လာသောအခါ အသုံးမှုအတွက် တီထွင် ဖန်တီးမှုများအပြင် စိတ်အရသာ ခံစားနိုင်ရေးအတွက်လည်း တီထွင်ကြံဆ လာခဲ့ကြလေသည်။
အနုပညာသည်
လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆ ဖန်တီးရသော ပညာမျိုးဖြစ်သည်။ သဘာဝ အလှအပ အတင့်အတယ်တို့ကို အနုပညာဟု မဆိုနိုင်ပေ။ ကြည်နူးဖွယ်ရာအရုဏ်ဦး၊ သာယာညွတ်နူးဖွယ် ကျေးငှက်တွန်သံ ကျူးသံတို့သည် ပင်ကိုအလှအပ၊ ကြည်နူးဖွယ်ရာများ ဖြစ်လင့်ကစား အနုပညာသဘော မပါခြေ။ အနုပညာကို ဖန်တီးသော အနုပညာရှင်က သက်ရှိ သက်မဲ့ ပတ်ဝန်းကျင်၌ မြင်တွေ့ကြားသိရသော ဘဝအာရုံတို့အပေါ်သို့ ယင်းစေတနာ သက်ရောက်၍ ထိုစေတနာ အလျောက် သူ့အမြင်၊ သူ့အကြား၊ သူ့အတွေ့အကြုံ တို့ကို သရုပ်ဖော် ဖွဲ့နွဲ့ထားခြင်းမျိုးသည်သာလျှင်
အနုပညာ သဘောပါလေသည်။ အနုပညာရှင်၏ အမြင်၊ အကြား၊ အတွေ့အကြုံတို့ကို စေတနာအလျောက် သရုပ်ဖော်ဖွဲ့ပြသော အနုပညာတစ်ရပ်ဖြစ်သည်။ ပန်းချီအတတ်သည် စာရေးခြင်းအတတ် မပေါ်မီကပင် ပေါ်ပေါက်ခဲ့သည်။ ဂူနေရှေး လူတို့သည် မိမိတို့ဘဝ ပတ်ဝန်းကျင်၌ မြင်တွေ့သမျှ မိမိတို့စိတ်၌ ခံစားရသမျှကို မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးသွေးစသည်တို့ဖြင့် ဂူနံရံများပေါ်၌ ပုံပန်းသဏ္ဌာန် ဌာနများ ရေးချယ်၍ ဖွဲ့ပြကြသည်။ ရှေးလူဟောင်းတိုသည် စကားလုံး မကြွယ်ဝကြသေးသဖြင့် မိမိတို့ ဆိုလိုချက်ကို အရုပ်ရေးချယ်ပြခြင်း ဖြစ်သည်။ ထိုကြောင့်
တရုတ်စကားပုံတစ်ခုက ရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်ခန့် တာသွားသည်ဟု ဆိုခြင်းဖြစ်သည်။ ဂူနေရှေးလူတို့၏ ပန်းချီစံနစ်သည် မျဉ်းရေးဆေးခြယ်နည်း၊ သို့မဟုတ် ကောက်ကြောင်းပန်းချီစံနစ် ဖြစ်သည်။ ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ ပန်းချီအဆင့်အတန်းသည်လည်း တိုးတက်လာရာ၊ ပန်းချီအတတ်သည် လူတို့၏ စိတ်နှလုံးကို ယူကျုံးလှုပ်ရှားစေနိုင်စွမ်းသော
အနုပညာတစ်ရပ် ဖြစ်လာခဲ့လေသည်။ ပန်းချီပညာနည်းတူ ရှေးကျသော အနုပညာတစ်ရပ်မှာ ပန်းပုပညာ ဖြစ်သည်။ ပန်းပုဟူသော မြန်မာ ဝေါဟာရ၏အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြရလျှင် သစ်သား၊ ဆင်စွယ်၊အရိုး၊ အုတ်၊ အင်္ဂတေ၊ သတ္တု စသည်တို့ဖြင့် ထုလုပ်ခြင်းနှင့် စပ်လျဉ်းသော အနုပညာရပ်ကို ဆိုလိုပေသည်။ စင်စစ် ပန်းပုပညာတွင် ခြူးပန်းခြူးနွယ် ပန်းတက်ပန်းထပ်စသည်တို့ကိုထုလုပ်ခြင်းနှင့်
စပ်လျဉ်းသော အနုပညာကို ဆိုလိုပေသည်။ စင်စစ် ပန်းပုပညာတွင် ခြူးပန်းခြူးနွယ်တို့ကဲ့သို့
နှစ်သက် ဖွယ်ရာ အလှအပ တန်ဆာဆင် ပန်းပုပညာအပြင် ပုံတူရုပ်လုံး ရုပ်တုပညာသည်လည်း ပန်းပုပညာ၌ သက်ဝင်သည်။ ပန်းချီ ပညာရှင်သည် မိမိဖွဲ့ပြလိုသော အကြောင်းရပ်ကို အနံအလျား အားဖြင့် ပုံပန်းဖော်၍ ဆေးခြယ်ပြသည်။ ပန်းပုပညာရှင်ကမူ ထုထည်ဖြင့် ပုံသဏ္ဌာန် ဖော်ပြသည်။ ကလေးသူငယ်တို့သည် ရွှံ့စေး၊ မြေစေးတို့ဖြင့် မိမိတို့စေတနာရောက်ရာ သက်ရှိသက်မဲ့ တို့၏ ပုံသဏ္ဌာန်ကို ဖော်ပြကြသကဲ့သို့ ရှေးလူတို့သည်လည်း မြေစေး၊ ရွှံစေး၊ ကျောက်တုံး ကျောက်ခဲတို့ဖြင့် မိမိတို့၏ စေတနာရောက်ရာ သက်ရှိသက်မဲ့တို့၏ ပုံသဏ္ဌာန်ကို ဖော်ပြ ကြရာမှ မျက်စိပသာဒအားဖြင့် နှစ်သက်ဖွယ်ရာ ကြွရွလှပသော အဆင်တန်ဆာ ပန်းပုလက်ရာများ၊ အသက်ဝင် လှုပ်ရှား နေ သယောင် ထင်မှတ်ဖွယ်ရာ
ရုပ်လုံးရုပ်တုကို ထုလုပ်ပုံဖော်နိုင် လာကြ၍ ရှုမြင်ရသူတို့၏ စိတ်ဘဝင်၌ ထိခိုက်လှုပ်ရှားစေ ပြီးလျှင် နှစ်ခြိုက်ခြင်းဖြစ်အောင် ဖန်တီးနိုင်သော ပန်းပု အနု ပညာတစ်ရပ် ဖြစ်လာလေသည်။
လူတို့သည်
အပူအအေး စသော ရာသီဥတု၏ ဒဏ်မှ အကာအကွယ် ရစေရန် အမိုးနှင့် လေးဘက် လေးတန် ထရံ ကာ အဆောက်အအုံငယ်ကို ဆောက်လုပ်သည်။ ထိုအခြေအနေ
အထိ လူ၏ အားထုတ်မှုသည် အသုံးချရေးသာ ဖြစ်သည်။ အကယ်၍ အဆောက်အအုံ၏ အမိုးစွန်ကို ပို၍ ချွန်းထွက် ကော့ပျံစေကာ တစ်မျိုး တစ်မည်လှပစေခြင်း၊ အဝင်အထွက် တံခါးပေါက် တစ်ဘက်တစ်ချက်စီ၌ တိုင်လုံးများ စိုက်ထူ၍ ရှုမြင်ရသူတို့၏ မျက်စိပသာဒဖြစ်အောင် နှစ်ချိုက်စေခြင်း ဖြစ်အောင် အားထုတ်သောအခါ အနုပညာ သဘောပါသော ပိသုကာပညာ သက်ဝင်လာလေသည်။
လူတို့သည်
စိတ်၌ ထိခိုက်လှုပ်ရှားသည့်အခါ အသံထွက်၍ မိမိတို့၏ ခံစားမှုကို ပြကြသည်။ ငိုခြင်း၊ ရယ်ခြင်းတို့ကား ဤသဘောတည်း။ ယင်းသို့ စိတ်လှုပ်ရှားမှုကို အသံဖြင့် ပြုကြပုံကို အနုပညာသဘောဖြင့် ဖွဲ့နွဲ့ပြသောအခါ၊ တိုက်ပွဲ၌အောင်ပွဲ ရ၍ အောင်သံဟစ်ကြွေးရာမှ အစပြုသော စိတ်တက်ကြွဖွယ်ရာ
စစ်ချီသီချင်းများ၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ကို
ဖွဲ့နွဲ့ပြသော အလွမ်းအဆွေး သီချင်းများ စသည့် ဂီတသီချင်း များ ပေါ်ပေါက်လာသည်။ ခြေလက်လှုပ်ရှားမှု၊ ဟန်အမူအရာ တို့ဖြင့် ခံစားမှုကို သရုပ်ဖော်ပြသော အကအခုန်နှင့် ပြဇာတ်စသော သဘင်ပညာ ပေါ်ပေါက်ခဲ့သည်။
ယဉ်ကျေးမှု
အဆင့်အတန်းမြင့်လာ၍ စာရေးခြင်းအတတ် ပေါ်ပေါက်လာသောအခါ လူတို့သည် မိမိတို့၏ အမြင်အသိ အတွေ့အကြုံခံစားချက်တို့ကို
စာပေဖြင့်လည်း ဖွဲ့ပြကြသည်။ လောကနှင့် လူ့သဘောသဘာဝကို ဖွဲ့နွဲ့တင်ပြရာ၌ အနုစာပေ သည်လည်း အစွမ်းထက်သော အနုပညာတစ်ရပ် ဖြစ်သည်။ စာပေအရာ၌ အသိကို ပေးသော အသိပေးစာပေ၊ စေတနာကို နှိုးဆွပေးသော စေတနာနှိုးစာပေဟူ၍ရှိရာ ဒုတိယအမျိုးအစား သည် အနုစာပေ၊ သို့မဟုတ် ရသစာပေကို ခေါ်ဆိုသည်။ အနု စာပေသည် ပန်းချီ၊ ပန်းပု၊ ဗိသုကာတို့ကဲ့သို့ အလှအပ၊ အယဉ်အနွဲ့၊ အခန့်အသန့်တို့ဖြင့် စေတနာကို နှိုးဆော်သည် မဟုတ်ပေ။ အရေးအသား၊ အဖွဲ့အနွဲ့၊ ဇာတ် အိမ်၊ ဇာတ်ကွက် ကို လိုက်၍ ဖတ်ရှုရသူ၌ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကြွေကွဲခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း စသော စိတ်အရသာတစ် မျိုးမျိုး ဖြစ်ပေါ်လာလေသည်။
အနုပညာတစ်ရပ်၏
ရသကို ခံစားရသူ၌ ဝမ်းသာခြင်း၊ ကြေကွဲခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း စသော စိတ် အရသာ တစ်ပါးကို နှစ်သက်ခြင်းနှင့် ယှဉ်တွဲခံစားရသည်။ ဒိဋ္ဌဓမ္မလောက၌ ထိတ်လန့်စရာကို တွေ့၍ ထိတ်လန့်နေကြ ရလျှင် မည်သူမျှ နှစ်သက်ခြင်း၊ မဖြစ်နိုင်ကြပေ။ ဝမ်းနည်း ခြင်း၊ သနားခြင်းဖြစ်နေရလျှင်လည်း မည်သူမျှ နှစ်သက်ခြင်း မဖြစ်နိုင်ကြပေ။ တစ်နည်းအားဖြင့် သနားခြင်း ဖြစ်နေလျှင် လည်း မည်သူမျှ နှစ်သက်ခြင်းလည်း ဖြစ်နေကြမည် မဟုတ် ပေ။ သို့သေ် ကြောက်လန့်ဖွယ်ရာ ပုံဝတ္ထု တစ်ခုကို ဖတ်၍ ကြောက်ရွံ့ထိတ်လန့်စိတ် ဖြစ်ပေါ်လျက်ကပင် နှစ်သက်ခြင်း လည်း ဖြစ်နေသည်။ ဇာတ်မင်းသား၊ မင်းသမီး တစ်ဦးဦးက လွမ်းခန်းဖော်၍ လွမ်းပြလျှင် ပရိသတ်သည် မင်းသား သို့မဟုတ် မင်းသမီးကို သနားလျက်ကပင် နှစ်သက်ခြင်းလည်း ဖြစ်နေသည်။ ဤကား အနုပညာတစ်ရပ်ရပ်မှ ရသကို ခံစားရ ၍ ဖြစ်ပေါ်သော သဘောတည်း။
တစ်နည်းအားဖြင့်ဆိုရလျှင်
အနုပညာ၏ ရသကို ခံစားရသူ၌ ဖြစ်ပေါ်တတ်သည့် တုံ့ပြန်မှု့ သဘောတည်း။
အနုပညာရှင်သည် မိမိလက်ရာ၌ ရသပေါ်အောင် မည်သို့ ဖန်တီးသနည်း။ အနုပညာရှင်သည် စေတနာ၏ လှုံ့ဆော်ချက် အရ စိတ်ကူးဉာဏ်ကို အရင်းတည်၍ ဖန်တီးရ၏။ အနုပညာ ဆိုင်ရာ စိတ်ကူးဉာဏ်ဆိုသည်မှာ ဤသို့ ဖြစ်သည်။
No comments:
Post a Comment