Thursday, May 24, 2012


ရခိုင်ပြည်၊ မြောက်ဦးမြို့ မှ ဘောင်းဒွတ်ဆိပ်ကမ်း
(မြောက်ဦးသား)
“အစွမ်းမရောက်၊မြို့မရောက်၊ ဘောင်းဒွပ်အဆီပြန်လတ်စီ”ဟူသော ရှေးလူကြီးသူမများ ပြောဆိုခဲ့သောစကားရိုးတစ်ရပ်ကိုငယ်စဉ်အခါကပင်ကြားဖူးပါသည်။သို့သော်ဆိုလိုသည့်အဓိပ္ပါယ်အမှန်ကိုမူထိုစဉ်အခါကနားလည်သဘော ပေါက်ခြင်းမရှိခဲ့ပါ။  ဘောင်းဒွပ်အရပ်မှာ မြောက်ဦးမြို့မှအနောက် တောင်ဘက်သုံးမိုင်ခန့်အကွာတွင်တည်ရှိပါသည်။  ဘောင်းဒွပ်ချောင်းနှင့် ဘောင်းဒွပ်ရွာသို့
အသက်အရွယ်ကြီးမြင့်သည့်အခါမှသာလျှင် ရောက်ခဲ့ဖူးပါသည်။ ဘောင်းဒွပ်သို့ကွင်းဆင်းလေ့လာခဲ့ရခြင်းမှာလည်းသမိုင်းဆရာ ဟောလ် ရေးသားခဲ့သော ဒတ်ခ်ျ နှင့် ရခိုင်တို့ ဆက်သွယ်ခဲ့ ကြသည့်ဆောင်းပါး
( Hall D.G.E “Stadies of  Datch RelationsWith Rakhine ( J.B.R.S ) ( 1739 ) များကို ဖတ်ရူ့လေ့လာခဲ့ ပြီးမှသာလျှင် စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒတ်ခ်ျ တို ရခိုင်သို့ရောက်ရှိ လာခဲ့ရသည့် အကြောင်း
၁၆ ရာစု အကုန် ၁၇ ရာစုအစပိုင်းလောက်တွင် မူလ ရခိုင်တို့နှင့် ဆက်ခံလာခဲ့သော ပေါ်တူဂီ စွန့်စားရေးသမားများသည် ရခိုင်တို့အပေါ် သစ္စာမရှိခဲ့သော အချက်ပေါ်တွင် အကြောင်းခံခဲ့သည်။ ရခိုင်ဘုရင် မင်းရာဇာကြီး ခေါ်သော လိစ်သျှာ သည် ပဲခူး၊ ဟံသာဝတီ ကိုသိမ်းယူပြီးနောက် ပေါ်တူဂီလူမျိုး ဖိလစ် ဒီဘရစ်တိုနီကိုတီ ( Filipede Brito Nicote ) ခေါ်ငဇင်္ဂါအား သံလျှင်ဆိပ်ကမ်းမြို့၌ အစောင့်ထားခဲ့သည်။
ရခိုင်မင်းရာဇာကြီး သည် အနောက်ဘက်မှ ပေါ်တူ ဂီတို့၏ စစ်ရေးအရ ကျူးကျော်မူရန်ကို ကာကွယ်ရန် ပြန်သွားပြီးနောက် ဒီဘရစ်တို့ သည် သံလျင်ကို အခိုင်အမာ ပြုလုပ်ပြီး ရခိုင်ဘုရင်အား ပုန်ကန်ခြား နားခဲ့သည်။ ၄င်းကိုယ်ကို သံလျင်၏ ဘုရင်တစ်ဆူအဖြစ် သတ်မှတ်လာသည်။ အလားတူ ရခိုင်တို့၏ စစ်တစ်ကောင်းမြို့ အနောက်မြောက်ဘက်တွင် တည်ရှိသော သောင်းဒီကျွန်း ( Sundiva, Sanding Island. ) ရှိ ပေါ်တူဂီတို့မှာလည်း အခွင့် သာလျှင် စစ်တစ်ကောင်း မြို့အား ၀င်ရောက်တိုက်ခိုက် လေ့ရှိကြသည်။
ပေါ်တူဂီတို့ အရှေ့နှင့်အနောက်ဘက်တို့တွင် တန်ခိုးအာဏာကြီးထွားလာမူကို ရခိုင်ဘုရင်မင်းရာဇာကြီး သည် စိုးရမ်ကြောင်းကြသည့် အလျှောက် အိန္ဒိယသမုဒ္ဒရာတွင် ပေါ်တူဂီတို့နှင့် ရေတပ်အင်အား ယှဉ်ပြိုင်လာသော ဒတ်ခ်ျတို့အပေါ် စိတ်ဝင်စားမူရှိလာခဲ့သည်။ ထို့ကြောင့် မင်းရာဇာ ကြီးသည် ပေါ်တူဂီ ရေတပ်နှင့်ယှဉ်ပြိုင်ရန် ဒတ်ခ်ျတို့ထံမှ စစ်ရေးအကူအညီ တောာင်းခံရန် စိတ်ဆုံးဖြစ်ခဲ့သည်။ ၁၆၀၈ ခုနှစ်တွင် ရခိုင်ဘုရင် မင်းရာဇာ ကြီးသည် ဒတ်ခ်ျတို့၏ ဘုရင် ( Prince of Orange, Letter of Minragagres to Price of Orange Chose Copies VOC Rakhine ) ထံ စစ်ရေးအကူ အညီ တောင်းရန်စာများနှင့် သံ အဖွဲ့တဖွဲ့ ကို အိန္ဒိယနိုင်ငံရှိ ဒတ်ခ်ျတို့ ဗျစ်ဆူလိပတ်နမ် ( Masatipatram) သို့ စေလွှတ်လိုက်သည်။
ဒတ်ခ်ျတို့ဘက်က လည်း အပြန်အလှန်သဘောဖြင့် ဂျေကွပ်နိုက်စ်ကို တန်ဟွပ် ( Jawb Dirksz Korterhoef ) ဆိုသူကို ဦးဆောင်စေပြီး မြောက်ဦးသို့ သံအဖွဲ့ တစ်ဖွဲ့ စေ လွှတ်ပြန်ပါသည်။ သို့သော် ဒတ်ခ်ျတို့က ရခိုင်တို့အား ပေါ်တူဂီတို့နှင့် ဖြစ်နေသောစစ်တွင် ရတိပြတ် အဆုံးအဖြတ် မပေးခဲ့ချေ။ ကိုတန်ဟွပ်  အစီရင်ခံ စာအရ ရခိုင်တို့နှင့် ကုန်သွယ်ပါက အကျိုးအမြတ်ရရှိနိုင်သည်။  ပေါ်တူဂီတို့နှင့် ယှဉ်ပြိုင်နေရသော ၄င်းတို့၏ သင်္ဘောများကို ရခိုင်ဆိပ်ကမ်းများ၌ ခုံလှုံ စရာ ဆိပ်ကမ်းကောင်းတစ်ခု ဖြစ်နိုင်သည်ကို တင်ပြခဲ့ကြသည်။ တစ်နည်းအားဖြင့် ရခိုင် နှင့် ဒတ်ခ်ျတို့သည် ဘုံရန်သူဖြစ်သူ ပေါ်တူဂီများနှင့် ဘင်္ဂလား ပင်လယ်အော်တွင် ယှဉ်ပြိုင်ရာတွင် မဟာမိတ်များဖြစ်လာကြသည်။ ၁၆၀၈ ခုနှစ်သည် ရခိုင် နှင့် ဒတ်ခ်ျတို့၏ ကုန်သွယ်ရေး စတင်ခဲ့သော နှစ်ဟူ၍ သတ် မှတ်နိုင်ပါသည်။
စစ်တကောင်းဆိပ်ကမ်းနှင့် အပြိုင် ဘောင်းဒွပ် ဆိပ်ကမ်း
            စစ်တကောင်းမြို့ဆိပ်ကမ်းသည် ရခိုင်ဘုရင် မင်းဖလောင်း လက်ထက်မှစတင်၍ နိုင်ငံခြားနှင့် ကုန်သွယ်ရာ အဓိက ဆိပ်ကမ်းကြီးပင် ဖြစ် သည်။ ဘင်္ဂလားမှထွက်သည့် ကုန်ပစ္စည်းများအပြင် အိန္ဒိယမှထွက်သော ကုန်ပစ္စည်းများကို ထိုဆိပ်ကမ်းမှ ရောင်းဝယ်ကုန်သွယ်ခဲ့သည်။ ဒတ်ခ်ျတို့ သည် ရခိုင်တို့နှင့် မဟာမိတ်ပြုလာချိန်မှ စတင်းပြီး ရခိုင်ပြည်၏ အတွင်းပိုင်းမှ ကုန်စည်များကို ရောင်းဝယ်ဖောက်ကားရန် ဆိပ်ကမ်းကောင်းတစ်ခု လိုအပ်ပြန်သည်။ ဒတ်ခ်ျတို့၏ မှတ်တမ်းများအရ မြောက်ဦးမြို့အနီး ဘောင်းဒွပ်အရပ်ကို ကုန်သွယ်ရန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ပေးခဲ့သည်ဟု သိရှိ ရပါသည်။       
            သီရိသုဓမ္မရာဇာမင်းကြီး လက်ထက် ဒတ်ခ်ျလူမျိုး ဟန်ဒရစ် လန်ဘရက် ( Hendrick Lanbreahts ) ဆိုသူအား ကုန်သွယ်ရာ စခန်းများ တည် ဆောက်ရန် ကျွန်းများနှင့် ကျောက်များကို ထောက်ပံ့ ပေးခဲ့သည်။ ဒတ်ခ်ျတို့သည် ၄င်းတို့၏ ကုန်သွယ်ရာစခန်းကို ပါသျှန်ဘာသာ ဘန်ဒါ (Bandor= Wharf) မှဆင်းသက်လာသော ဝေါဟာရ (Bandal Roadstead) မှ ရခိုင်ဝေါဟာရ ဘောင်းဒွပ်ဟူသော စကားဆင်းသက်လာသော ဟူ၍ပင် တွေးတော စရာပင်ဖြစ်သည်။
            ၁၇ ရာစု ဒတ်ခ်ျမြေပုံ ( Maritime Chart of River of Rakhine )
            ရခိုင် ဘောင်းဒွပ်ဆိပ်ကမ်းသို့ ကုန်စည်သင်္ဘောများ ၀င်ရောက်လာရန် လမ်းနှစ်သွယ်ရှိခဲ့သည်။
တစ်သွယ်မှာ မေယုမြစ်ဝအတိုင်း ၀င်လာ၍ ကြွီတဲဆိပ်ကမ်းတွင် ခေတ္တရပ်နားရသည်။ မော်လဒိုက်ကျွန်းစုများမှ သယ်ယူလာသော ကြွေစေ့များကို ဆိပ်ကမ်း၌ ချရသည်။ ကြွီတဲဆိပ်ကမ်းမှ ကြွီတဲ မြစ်အတိုင်း ၀င်လာပြီး ရခိုင်တို့၏ ရေတပ်ရှိရာ ဦးရာဇ်တောင်၌ အစစ်ဆေးခံရသည်။
            တခြားလမ်းတစ်သွယ်မှာ ကုလာတန်မြစ်ဝမှ ၀င်လာပြီး ဗုဒ္ဓေါမော်ကျွန်း ( Meddere Magon ဗုဒ္ဓေါမော်ကျွန်း Buting Island ) ထိုမှ လမ်းပြ တစ်ဦးတင်ဆောင်ကာ ငါးပြီကျွန်းကို လက်ဝဲဘက်ထားကာ ဆန်ရပြန်သည်။ ယခု ပေါက်တော မနော်သီရိ အနီး ရခိုင်တို့၏ ပထမရေတပ်ကင်းစခန်း ( Eerst Wacht ) ၌ အစစ်အဆေးခံရပြန်သည်။ ထိုမှ ရွက်လွှင့်ပြီး ဦးရာဇ်တောင် ရေတပ်စခန်း၌ ရပ်နားခဲ့ရပြန်သည်။
            ၁၆၆၀-၆၁ ခုနှစ်အတွင်းဒတ်ခ်ျတို့၏ အရှေ့အိန္ဒိယကုမ္ပဏီ ( Verenigde Oostirdische Compangrie V.O.C Dutch Eart India Company) ပိုင် သင်္ဘောသုံးစင်သည် မြောက်ဦးမြို့သို့ ဆိုက်ရောက်လာသည်။ သင်္ဘောသုံးစင်းအနက် တစ်စင်းသည် ကုလားတန်မြစ်ဝမှ မြောက်ဦး ဘောင်းဒွပ် ဆပ်ကမ်း အထိ ရေကြောင်းတိုင်းတာရေးလုပ်ငန်းများကို လုပ်ဆောင်သွားကာ မြေပုံတစ်ပုံကို ရေးဆွဲခဲ့သည်။ ကုလားတန်မြစ်ဝမှ ဦးရာဇ်တောင်အထိ ရေ၏အနက် ကို ဖန်သမ်အတိုင်းအတာများနှင့် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ထိုမြေပုံရေဆွဲခဲ့သော အချိန်ကာလမှာ ရခိုင်နှင့် ဒတ်ခ်ျတို့ ကုန်သွယ်ရာ အထွပ် အထိပ် အချိန်ကာလပင်ဖြစ်သည်။
            ရခိုင်နှင့်ဒတ်ခ်ျတို့၏ ကုန်သွယ်ရာသဘောတူစာချုပ်အရ ရခိုင်သို့ ၀င်ရောက်လာသော ဒတ်ခ်ျသင်္ဘောများသည် ကုလားတန်မြစ်ဝသို့ ရောက်ရှိ သည်နှင့် ရခိုင်ဘုရင်အောင်လံကို လွှင်ထူရသည်။ ဦးရဇ်တောင်ရေတပ်ဆိပ်ကမ်းသို့ ရောက်ရှိသည်နှင့် ရွက်များကို ချပြီး ဆွဲ လောင်းများနှင့် ဘောင်းဒွပ် ဆိပ်ကမ်းအရောက် ဆွဲယူသွားကြသည်။ ဘောင်ဒွပ်ရှိ ဘောင်းဒွပ်ချောင်းအတွင်း၌ တင်ဆောင်လာသော ကုန်ပစ္စည်း များကို စစ်ဆေးမှတ်တမ်းတင်း ခံရ သည်။
            ဘောင်းဒွပ်ဆိပ်ကမ်းမှ ပို့ကုန်၊ သွင်ကုန် ပစ္စည်းများ
            ဘောင်းဒွပ်ဆိပ်ကမ်းသို့ ဒတ်ခ်ျ သင်္ဘောများမှ တင်ဆောင်လာသော ကုန်ပစ္စည်း များမှာ တရုတ်ပြည်လုပ် ကြွေထည်ပစ္စည်းများ၊ အနီရောင် ချည်ကပ်များ ( Red Botton Yarn )၊ နှင်းဆီရည်ပုလင်း ( Rose Water )များ၊ ယမ်းဘီလူးများ ပြုလုပ်ရန် ကန့်များ၊ သံရိုင်းများ၊ ဟင်းခတ်အမွှေးအကြိုင် များ ပါဝင်ကြောင်း သိရှိရသည်။ ဒတ်ခ်ျတို့ ရခိုင်မှ ပြန်လည်ဝယ်ယူသွားသော ပစ္စည်း များအတွက် ဒတ်ခ်ျသုံး ရီးလ်ငွေဒင်္ဂါး ( Reaal ) များနှင့် ပေးချေရ သည်။ ဆက်သွယ်သော ဘာသာစကားများမှာ ပေါ်တူဂီ၊ ပါသျှန် နှင့် ဟိန္ဒူစတန်နီဘာသာစကားများဖြင့် ဆက်သွယ်ကြသည်။
            ဒတ်ခ်ျတို့တင်သွင်းသော ပစ္စည်းများအနက် ကြွေထည်များ၊ နှင်းဆီရည်၊ ပိုထည်များကို နန်းတွင်းသူ နန်းတွင်းသားများ သုံးစွဲရန် တင်သွင်း ကြောင်း သိရှိရသည်။ သီရီ သုဓမ္မရာဇာမင်းကြီး ၏ မိဖုရား နတ်သျှင် မှာ အလွန်ကြွယ်ဝသော စီးပွားရေးသမားတစ်ဦး ဖြစ်ကြောင်း၊ သင်္ဘောအစင်း ၆၀ ခန့် ပိုင်ဆိုင်ကြောင်းကို မှတ်တမ်းများအရ သိရှိရသည်။ ဒတ်ခ်ျ ကုန်သည်များထက် အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းခြေမှ မူစလင်ကုန်သည်များသည် ရခိုင် တို့နှင့် ကုန်သွယ်ရာတွင် ပို၍အကျိုးဖြစ်ထွန်းစေခဲ့သည်။
            ဒတ်ခ်ျတို့ နေထိုင်ရာ ဘောင်းဒွပ် စခန်း ( Dutch Factories )
            ဘောင်းဒွပ်တွင် ဒတ်ခ်ျတို့၏ ကျောက်ဖြင့် ဆောက်လုပ်ထားခဲ့သော အဆောက်အအုံးများအနက် နံရံတစ်ခုသာ ကျန်တော့သည်။ ယခင်က အဆောက်အအုံအပျက် ၄၊ ၅ ခုမှ တစ်စ တစ်စ ပျက်စီးသွားကာ တစ်ခုတည်းသာ ကျန်ရှိရခြင်းဖြစ်သည်။ ကျောက်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံများမှ ဒတ်ခ်ျတို့နေထိုင်ရာ အိမ်များဟူ၍ သုတေသီတို့က ယူဆကြသည်။ ဆန်များနှင့် ကုန်စည်များကိုမူ ၀ါးဓနိများဖြင့် တည်ဆောက် ခဲ့သော အဆောက်အအုံများအထဲ၌ သိုလှောင်ထားခဲ့ဟန်တူကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒတ်ခ်ျတို့၏ မှတ်တမ်းများအရ ၄င်းတို့၏ ကုန်သွယ်ရာ စခန်းများ၌ မီးဘေးအန္တရယ်ကို အထူးဂရုပြုကြောင်းကို ဖော်ပြထားခြင်းကြောင့် ဖြစ်ပါသည်။
            ဒတ်ခ်ျတို့နေထိုင်ရာ စခန်းမှ ဘုရင့်နန်တော်သို့ ဆက်သွယ်ထားသော လမ်းမကြီးတစ်ခု ( Haariom Merdfk ) ရှိသည်။ ထိုလမ်းမကြီးမှာ တာတမံသဖွယ်ဖြစ်ဖြီး အောင်တပ်မြစ်မှ ဘောင်းဒွပ်အရပ်အတွင်းသို့ ရေများမ၀င်ရောက်နိုင်အောင်ဆည်ထားသည်။ လမ်းမကြီး၏ တစ်ဖက်တစ်ချက် တွင်ဈေးဆိုင်များ၊ ထမင်းဆိုင်များ၊ ပွဲရုံများ နှင့် ပြည့်နှက်လျှက်ရှိကြောင်း သစ်သားများဖြင့်ဆောက်လုပ်ပြီး အလွန်တရာလှပသော အိမ်များနှင့် ပြည့်နှက် လျှက်ရှိကြောင်း အရပ်ရပ်အနယ်နယ်မှ ရောက်ရှိလာကြသော ကုန်သည်များဖြင့် ကြက်ပျံမကျ စည်ကားလျှက်ရှိကြောင်းကို ဒတ်ခ်ျမှတ်တမ်းများက ဖော် ပြ ထားပါသည်။
            ရခိုင် နှင့် ဒတ်ခ်ျ ကုန်သွယ်ခဲ့သည့် ကာလ
            ရခိုင် နှင့် ဒတ်ခ်ျတို့ ကုန်သွယ်ခဲ့သည့် ကာလကို သုံးပိုင်းခွဲခြားပြီး လေ့လာနိုင်ပါသည်။ ပထမပိုင်းမှ ၁၆၀၈ ခုနှစ်မှ ၁၆၂၀ နှစ်များအထိ လည်း ကောင်း၊ ဒုတိယပိုင်းကို ၁၆၂၃ ခုနှစ်မှ ၁၆၄၇ ခုနှစ်များအထိလည်းကောင်း၊ တတိယပိုင်းကို ၁၆၅၃ ခုနှစ်မှ ၁၆၈၂ ခုနှစ်များထိ ဖြစ်သည်။ ပထမ ပိုင်း ကာလမှာ ရခိုင်နှင့်ပေါ်တူဂီတို့ စစ်ဖြစ်ပွားသော ကာလဖြစ်သဖြင့် ကုန်သွယ်ရာ၌ ထိရောက်မူ မရှိခဲ့ကြောင်း စစ်ဖြစ်ပွားနေသည်ကို အကြောင်းပြု၍ ဒတ်ခ်ျ တို့ ရခိုင်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ သုံးနှစ်အကြာတွင် ဒတ်ခ်ျတို့ ရခိုင်သို့ ကုန်သွယ်ရန် ရောက်လာကြပါသည်။ ကျန်ဒုတိယ ကာလသည် ရခိုင် နှင့် ဒတ်ခ်ျတို့ ကုန်သွယ်ရာတွင် အကျိုးအမြတ် အရှိဆုံးကာလဟု ယူဆနိုင်သည်။ တတိယပိုင်းကာလ၌မူ ရခိုင်တို့၏ နန်းတွင်းရေးတွင် ဒတ်ခ်ျ တို့ ၀င် ရောက်စွတ်ဖက်သည်ဟူ၍လည်းကောင်း၊ ရခိုင်နှင့် မဂိုတို့၏ စစ်တကောင်းသိမ်းတိုက်ပွဲတွင် ဒတ်ခ်ျ နှင့် ပေါ်တူဂီတို့၏ ရေတပ်သည် မဂိုဘက်မှ ၀င် ရောက်တိုက်ခိုက်ပေးမူ တို့ကြောင့် ခေတ္တမျှ အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ သို့သော် တစ်စ တစ်စ ရခိုင်တို့၏ နန်းတွင်းရေး မငြိမ်မသက်ဖြစ်ပေါ် နေမူကို အကြောင်းပြုပြီး ဒတ်ခ်ျ တို့ ဘောင်းဒွပ်စခန်းမှ အပြီးအပိုင် ထွက်ခွာသွားခဲ့ကြသည်။ ဒတ်ခ်ျတို့ထွက်ခွါ သွားပြီးနောက် အခြားသောကုန်သည်များ လည်း မြောက်ဦး ဘောင်းဒွပ်စခန်းကို စွန့်ခွာသွားခဲ့ကြသည်။
            ဘောင်းဒွပ်ဆိပ်ကမ်း၏ ဘ၀နိဂုံး
            ဒတ်တို့သည် ရခိုင်တို့နှင့် ကုန်သွယ်ရာတွင် အဓိက ဆန်စပါးကို ဦးစားပေးပြီး ၀ယ်ယူကြသည်။ ၀ယ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်မှ ဆန် စပါးဈေးကွက်မှာ အခြားသောစပါးဈေးကွက်များထက် ဈေးချိုခြင်းကြောင့်ပင်ဖြစ်သည်။ အခြားအ၀ယ်လိုက်သော ပစ္စည်းများစာရင်းတွင် မဲနယ်၊ တော ထွက်ပစ္စည်းများနှင့် ငွေဝယ်ကျွန်များပင် ဖြစ်ကြသည်။ ၁၆၈၂ ခုနှစ် နောက်ပိုင်းဘုရင်များသည် နိုင်ငံ၏ အဓိက စီးပွားရေးများကို လျစ်လှူရူကာ မိမိတို့ ၏ ကိုယ်ရေးအာဏာတည်တံရေးတို့ကိုသာ ဦးစားပေးလာမူ့ကြောင့် ပြည်တွင်းရေး မငြိမ်မသက်ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် စီးပွားရေးကို အဓိက ဆောင်ရွက်ရာဖြစ်သော ဘောင်းဒွပ်ဆိပ်ကမ်း၏ အခန်းကဏ္ဍသည်လည်း တဖြည်းဖြည်းမှေးမှိန်လာကာ နောက်ဆုံးနိဂုံး ချုပ်သွားရရှာသည်။  
                                                                                                                                                မြောက်ဦးသား
ကိုးကားစာရင်း
၁။ Hall D.G.E “ Stadies of Datch Relations With Rakhine ( J.B.R.S) (1939)
၂။Filipe de Brito Nicote.
၃။ Sundiva, Sanding Island.
၎။ Prince of Orange. Letter of Minragagres to Price of Orange chose copies VOC Arakienes (Rakhine)
၅။ Masatipatram
၆။ Jawb Dirksz Korterhoef.
၇။ Hendrick Lanbreahts.
၈။ Bandor=Wharf
၉။ Bandal, Roadstead.
၁၀။ Meddere Magon ဗုဒ္ဓောမော်ကျွန်း Buting Island
၁၁။ Eerst Wacht
၁၂။ Verenigde Oostirdische Coppangrie V.O.C Dutch Eart India Company.
၁၃။ Red Botton yarn.
၁၄။ Rose Water.
၁၅။ Reaal
၁၆။ Dutch Factories.
၁၇။ Haariom merdfk.
မှတ်ချက်။ ။ ဤဆောင်းပါးသည် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ရခိုင်မဂ္ဂဇင်း ငွေရတု အထူး စာအုပ်မှ ဖြစ်ပါသည်။

No comments:

Post a Comment